Tuesday, November 15, 2016

ဖားကန့်မှာကျတဲ့ ဒုံးပျံအင်ဂျင် နဲ့ စိုးရိမ်စရာများ

ဖားကန့်မှာကျတဲ့ ဒုံးပျံအင်ဂျင် နဲ့ စိုးရိမ်စရာများ
----------------------------------------------------
၂၀၁၆ခု နိုဝင်္ဘာလ ၁၀ရက် ကြာသပတေးနေ့ ဒေသအချိန် မနက် ၇နာရီ၄၂မိနစ်မှာ မြန်မာနိုင်ငံရဲ့ မြောက်ဖက်တည့်တည့် တရုတ်ပြည် ဂျုကွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ တရုတ်အာကာသနည်းပညာသိပ္ပံရဲ့ XPNAV-1 ဂြိုဟ်တုကို လောင်းမာ့ခ်ျ ၁၁ ဒုံးပျံနဲ့ အာကာသထဲ လွှတ်တင်လိုက်ပါတယ်။  ဒီဒုံးပျံရဲ့ ယုံကြည်လောက်စရာရှိတဲ့ ပင့်အားပေးအင်ဂျင် (booster engine) တစ်လုံးဟာ မြန်မာအချိန် မနက် ၆နာရီ၂၃မိနစ်လောက်မှာ မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာအနီး ကမ်းပါးစောင်းတစ်ခုပေါ်ကို ပြုတ်ကျလာပြီး အဲဒီကမှတဆင့် ပေ ၁၅၀လောက်အဝေးက မြေစာပုံတစ်ခုပေါ်ကို လွင့်စင်ကျသွားခဲ့ပါတယ် (တရုတ်ဒေသအချိန်က မြန်မာအချိန်ထက် တစ်နာရီခွဲ စောပါတယ်၊ ဒုံးပျံလွှတ်တင်ချိန်က မြန်မာအချိန် မနက် ၆နာရီ ၁၂မိနစ်ပါ)။  နောက် တရုတ်စာတွေပါတဲ့ အစိတ်အပိုင်းငယ် တစ်ခုကတော့ အဲဒီနေရာကနေမြောက်ဖက် ၉မိုင်ခန့်အကွာက လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေးရွာက နေအိမ်တစ်ခုရဲ့ မီးဖိုဆောင်ခေါင်မိုးကနေ ဖောက်ဝင်ပြုတ်ကျလာခဲ့ပါတယ်။  အလွန်ကံကောင်းထောက်မစွာပဲ လူတစ်ယောက်မှ ထိခိုက်မှု မရှိခဲ့ပါ။

ဘယ်သတင်းကမှ ဒီကိစ္စအတွက် စိတ်ပူပန်စိုးရိမ်ရကြောင်း မရေးခဲ့ကြပေမဲ့ စိုးရိမ်ပူပန်စရာတွေကို အောက်ပါအတိုင်း တွေးမိပါတယ်။

၁။ လုံခြုံရေးအရ ဒီအင်ဂျင်ကြီး အချုပ်အချာအာဏာပိုင် မြန်မာ့လေထုထဲ ၀င်လာတာကို ထောက်လှမ်းသိရှိခဲ့ကြခြင်း ရှိပုံမရပါ။ ဒါဆိုရင် တကယ့်ဒုံးပျံတွေများ ၀င်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။

၂။ ဒီသတင်းကို ကမ္ဘာ့သတင်းဌာနအတော်များများက ရေးတင်ခဲ့ကြပေမဲ့ ဒုံးပျံပိုင်ရှင်က သူ့ပစ္စည်းဖြစ်ကြောင်း နဲ့ ၀မ်းနည်းကြောင်း တစ်လုံးတစ်ပါဒမှ ပြောမလာခဲ့ပါ။ တရုတ်ပြည်အတွင်း ဒုံးပျံအစိတ်အပိုင်းတွေ မကြာခနမြေပြင်ပေါ်ကို ပြုတ်ကျဖူးလေ့ရှိတော့ ဖားကန့်ကိုလည်း သူတို့ပိုင်နယ်မြေလို သဘောထားပြီး ဂရုမစိုက် နေလိုက်ကြလေသလား။

၃။ အချုပ်အချာအာဏာပိုင် မြန်မာနိုင်ငံကရော ကြိုတင်အသိပေးမှုမရှိပဲ ကိုယ့်ပိုင်နက်ထဲ သူများပစ္စည်းဝင်လာတာကို အရေးတယူမေးမြန်းစုံစမ်းမှုတွေ မလုပ်တော့ဘူးလား။ တစ်ခါက ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံးစမ်းရင်း ဓါတ်ငွေ့တွေ ဘေးကလမ်းပေါ်လွင့်ပျံ့လာလို့ သတိပေးစာထုတ်ခဲ့တာကို သတိရမိပါတယ်။

၎။ နောက်တစ်ခါထပ်ဖြစ်ခဲ့ရင် ကံမကောင်းလို့ လူ အဆောက်အဦး ပစ္စည်းစတာတွေ ထိခိုက်မိခဲ့ရင် ဘာလုပ်ကြမှာလဲ။  ဒီအတိုင်းပဲ ပြီးသွားကြရမှာလား။

၅။ ဒီအင်ဂျင်ကြီးကို နည်းပညာဆိုင်ရာတက္ကသိုလ်တစ်ခုခု အထူးသဖြင့် မိတ္ထီလာလေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်က သယ်ယူလေ့လာဆန်းစစ်ဖို့ ဆန္ဒမရှိကြဘူးလား။ တောင်ကိုးရီးယားမှာတော့ သူ့ရေပိုင်နက်ထဲကျလာတဲ့ မြောက်ကိုးရီးယားဒုံးပျံတစ်စင်းရဲ့ ပင့်အားပေးအင်ဂျင်တစ်ခုကို အလေးအနက်ထား ဆယ်ယူလေ့လာခဲ့တဲ့ သတင်းကို ဖတ်ခဲ့ရဖူးပါတယ်။
မြန်မာနိုင်ငံမှာလည်း တစ်နေ့မှာ ဒီလိုဒုံးပျံမျိုးတွေလုပ်နိုင်ဖို့ အနည်းဆုံးအိပ်မက်တွေတော့ ရှိမနေသင့်ဘူးလားဗျာ။

credit. Thane Mor Thein Maw

Zin Min

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 Gold News.